ပင်လုံဆိုသည်မှာ (၃)
တောင်တန်းဒေသဆိုင်ရာအတိုင်ပင်ခံပုဂ္ဂိုလ်
အိန္ဒိယတိုက်ငယ်နဲ့ မြန်မာနိုင်ငံကို ဗြိတိသျှတွေသိမ်းပြီးတဲ့အခါ သူတို့ရဲ့အုပ်ချုပ်ရေး စနစ် ကို ထူထောင်တယ်။ အဲဒီလိုထူထောင်တဲ့အခါ အခြေခံမူကတော့ နိုင်ငံရေး၊စစ်ရေး၊ စီးပွား ရေးအရ အချက်အခြာကျတဲ့နယ်မြေတွေကို ဗြိတိသျှက တိုက်ရိုက်အုပ်ချုပ်တယ်၊ ကျန် တဲ့ဒေသတွေကိုတော့ မျိုးရိုးအစဉ်အလာအရ အုပ်ချုပ်လာတဲ့ မျိုးနွယ်စုခေါင်းဆောင် တွေကို သစ္စာခံစေပြီး တစ်ဆင့်ခံစနစ်နဲ့အုပ်ချုပ်တယ်။
တစ်ဆင့်ခံအုပ်ချုပ်ရာမှာလည်း အဲဒီဒေသတွေရဲ့ လက်ရှိအုပ်ချုပ်ရေးအဆင့်အပေါ်မူတည်ပြီး တစ်ဆင့်ခံအုပ်ချုပ်တဲ့ စနစ် ကိုအဆင့်ခွဲပြီး ကျင့်သုံးတယ်။ မြန်မာနိုင်ငံမှာ ရှမ်းစော်ဘွားတွေနဲ့ ကချင်တောင်တန်း ဒေသ၊ ချင်း တောင်တန်းဒေသများကို ဗြိတိသျှတို့အုပ်ချုပ်ပုံမတူသလိုပဲ အိန္ဒိယမှာလည်း မဟာရာဇာ တွေအုပ်ချုပ်တဲ့နယ်မြေတွေနဲ့အခု ပါကစ္စတန်နိုင်ငံနဲ့ အာဖဂန်နယ်စပ်ဒေသ မှာ ရှိ တဲ့ North-West Frontier Province (NWFP) ခေါ်တဲ့ နယ် ခြားဒေသတွေ အုပ်ချုပ်ပုံမတူဘူး။
မြန်မာနိုင်ငံမှာ သူတို့တိုက်ရိုက်အုပ်ချုပ်တဲ့ ပြည်မဒေသကို Ministerial Burma လို့ ခေါ် တာက အဲဒီနယ်မြေကို ဘုရင်ခံဦးဆောင်တဲ့ ဘုရင်ခံအမှုဆောင်ကောင်စီလို့ခေါ်တဲ့ ၀န်ကြီးအဖွဲ့က အုပ်ချုပ်လို့ဖြစ်ပါတယ်။ ပြည်မဒေသမှာ ဥပဒေပြုအာဏာအကန့်အသတ် နဲ့ပေးထားတဲ့ လွှတ်တော်ရှိတယ်။ အဲဒီလွှတ်တော်ကတဆင့် ဖွဲ့တဲ့အစိုးရအဖွဲ့ရှိတယ်။ ဒါပေမယ့် ကာကွယ်ရေး၊ နိုင်ငံခြားရေး၊ ပြည်ထဲရေးတို့ နဲ့ပတ်သက်ရင် ဘုရင်ခံက ကိုင် ထားတယ်။အဲဒီအစိုးရအဖွဲ့ကအုပ်ချုပ်ရေးအာဏာအကန့်အသတ်ပဲရှိတယ်။
တောင်တန်း ဒေသ တွေကတော့ ၁၈၈၆ ၊ ၁၈၉ ၅ ခုနှစ်တွေက ချမှတ်ထားတဲ့ ဥပဒေတွေ အတိုင်းပဲ ကော်မရှင်နာမင်းကြီးတွေ၊ အရေးပိုင်တွေက တိုက်ရိုက်အုပ်ချုပ်နေတုန်းပဲ။
ဗိုလ်ချုပ်အောင်ဆန်းက လွတ်လပ်ရေးအတွက် ကြိုးစားနေတဲ့အချိန်မှာ တောင်တန်း ဒေသ ကို အဲဒီလို အဆင့်နိမ့်ပြီးအုပ်ချုပ်ထားတာကို မကြိုက်ဘူး။ တောင်တန်းဒေသက တိုင်းရင်း သားတွေအနေနဲ့ ဘုရင်ခံအမှုဆောင်ကောင်စီမှာပါဝင်နိုင်မှ အုပ်ချုပ်ရေး အတွေ့အကြုံ တွေရပြီး အနာဂတ်မှာ ပြည်မနဲ့ပေါင်းသင့်၊မသင့် စဉ်းစားနိုင်မယ်လို့ ယူဆတယ်။
ဒါ့ကြောင့် ၁၉ ၄၆ ခုနှစ် စက်တင်ဘာလအတွင်းမှာ ဘုရင်ခံအသစ် ဆာဟူးဗတ်ရန့်စ် က ဖဆပလ ကို ဘုရင်ခံအမှုဆောင်ကောင်စီမှာ ပါဝင်ဖို့ ဖိတ်ခေါ်တဲ့အခါ ဖဆပလ က တောင်တန်းဒေသအုပ်ချုပ်ရေးမှာ ဘုရင်ခံအမှုဆောင်ကောင်စီက အဖွဲ့ဝင်ပါဝင်ဖို့ တောင်း ဆိုခဲ့တယ်။
ဗိုလ်ချုပ်တို့၁၉ ၄၇ ခုနှစ် ဇန်န၀ါရီလ လန်ဒန်မှာ လွတ်လပ်ရေးအတွက်ဆွေးနွေးဖို့သွားတော့လည်း လက်ရှိ ဘုရင်ခံအမှုဆောင်ကောင်စီကို လုပ်ပိုင်ခွင့်အပြည့်ရှိတဲ့ ၀န်ကြီးအဖွဲ့ ( ကြားဖြတ်အစိုးရပုံစံ) ဖွဲ့နိုင်ဖို့နဲ့ အဲဒီဝန်ကြီးအဖွဲ့မှာ တောင်တန်းဒေသကိုယ်စားလှယ် တစ်ဦးပါဝင်ဖို့ ဆောင်ရွက်ခဲ့တယ်။
ဒါ့ကြောင့် ဇန်န၀ါရီ၁၅ ရက်နေ့ဆွေးနွေးပွဲမှာ ဗို်လ်ချုပ်က မြန်မာ့လွတ်လပ်ရေးနဲ့ပတ်သက် တဲ့အထွေထွေတင်ပြချက်စာတမ်း ( General Statement by the Burmese Delegation ) ကို ဖတ်ကြားတဲ့အခါ မြန်မာပြည်မကို အုပ်ချုပ်ရေးအဆင့်အတန်း တိုးမြှင့် ပေးချိန်( ၀န်ကြီးအဖွဲ့ကို လုပ်ပိုင်ခွင့်အပြည့်ပေးချိန်) တွင် တောင်တန်းသားများလည်း ထို အခွင့်အရေးကို ချက်ခြင်းလက်ငင်းဗမာများနဲ့အတူ ခံစားခွင့်ရစေလိုကြောင်း၊ ထိုသို့ အခွင့် အရေးရစေသည့်နည်းမှာ ဘုရင်ခံ၏ အမှုဆောင်( ၀န်ကြီး)အဖွဲ့တွင် တောင်တန်းသား ကိုယ်စားလှယ်များပါဝင်စေသည့်နည်းသာဖြစ်ကြောင်း ဆွေးနွေးခဲ့ပါတယ်။
ကိုယ်စားလှယ်ပါဝင်မှုနဲ့ပတ်သက်ပြီးပြောရာမှာတော့ ဗိုလ်ချုပ်က ၀န်ကြီးအဖွဲ့မှာ တောင် တန်းဒေသများအတိုင်ပင်ခံပုဂ္ဂိုလ်တစ်ဦး၊ လိုအပ်ရင် ဒုတိယအတိုင်ပင်ခံပုဂ္ဂိုလ် နှစ်ဦးမှ သုံး ဦးအထိ ဥပမာ၊ ရှမ်းအမျိုးသားတစ်ဦးကို အတိုင်ပင်ခံပုဂ္ဂိုလ်ခန့်ထားလျှင် ချင်းအမျိုးသား နှင့် ကချင်အမျိုးသားတစ်ဦးစီကို ဒုတိယအတိုင်ပင်ခံပုဂ္ဂိုလ်များအဖြစ်ခန့်ထားသင့်ကြောင်း ဆွေးနွေးခဲ့ပါတယ်။ အဲဒါအပြင် အခု တောင်တန်းဒေသတွေကို ဘုရင်ခံကိုယ်စားတိုက် ရိုက် အုပ်ချုပ်နေတဲ့ တောင်တန်းဒေသညွှန်ကြားရေးဝန်ကိုလည်း တောင်တန်းဒေသ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ လက်အောက်မှာ ထားသင့်ကြောင့်လည်း အဆိုပြုခဲ့ပါတယ်။
ဗြိတိသျှအစိုးရဘက်ကတော့ ဇန်န၀ါရီ ၁၇ ရက်နေ့မှာ အစိုးရအဖွဲ့အစည်းအဝေးလုပ် ပြီး တောင်တန်းဒေသနဲ့ပတ်သက်တဲ့သူတို့ သဘောထားကို ပြန်ကြားတယ်။
အဲဒီမှာတော့ ဗြိတိသျှတို့ဘက်ကလည်း တောင်တန်းဒေသများအပါအ၀င် တလုံးတစည်းတည်းသော မြန်မာနိုင်ငံဖြစ်ရေးကလည်း ဗြိတိသျှတို့ရဲ့ ရည်ရွယ်ချက်ဖြစ်ကြောင်း၊ အဲဒီလို ပေါင်းစည်း ရာမှာတောင်တန်းသားများရဲ့ ဆန္ဒပါသော ပူးပေါင်းရေးဖြစ်ဖို့လိုကြောင်း၊ ဒါ့ကြောင့် တောင် တန်းသားများရဲ့ ဆန္ဒအမှန်ကို သိဖို့ စုံစမ်းရေးအဖွဲ့ဖွဲ့စည်းဆောင်ရွက်သင့်ကြောင်း ဖော် ပြခဲ့ပြီး ဗိုလ်ချုပ်အဆိုပြုတဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်အစား တောင်တန်းဒေသဆိုင်ရာအကြံပေး ကောင်စီဖွဲ့ပြီး ဘုရင်ခံနဲ့ဆက်သွယ်ဆောင်ရွက်ဖို့ လုပ်ဆောင်မှာဖြစ်ကြောင်းပြန်ကြား ခဲ့ ပါတယ်။
ဗိုလ်ချုပ်တို့ကတော့ အကြံပေးကောင်စီဆိုတာ ဘာမှလုပ်ပိုင်ခွင့်မရှိဘူးလို့မြင်တဲ့ အတွက် အတိုင်ပင်ခံပုဂ္ဂိုလ်ကို ၀န်ကြီးအဖွဲ့ထဲမှာ ထည့်သွင်းရေးကိုသာ တောင်းဆိုခဲ့တယ်။ တောင် တန်းသားကိုယ်စားလှယ်ကို ၀န်ကြီးအဖွဲ့မှာ ထည့်သွင်းခြင်းအားဖြင့် ဗြိတိသျှနဲ့ ဗမာတို့ က တောင်တန်းသား များအပေါ်ထားတဲ့ စေတနာကိုလည်း ပြသရာရောက်မှာဖြစ်တယ်လို့ ရှင်းပြတယ်။
ဒါပေမယ့် အဲဒီကိစ္စမှာ နှစ်ဘက်သဘောတူညီမှုမရဘူး။ ဒါ့ကြောင့် ဇန်န၀ါရီလ ၂၇ ရက်နေ့ အောင်ဆန်း - အက် တလီစာချုပ်ချုပ်ဆိုတဲ့အခါ အကြံပေးကောင်စီဖွဲ့မလား၊ တောင်တန်း သားကိုယ်စားလှယ်ကို အမှုဆောင်အဖွဲ့မှာထည့်ပြီးဖွဲ့မလားဆိုတာကို တောင်တန်းသား တွေရဲ့ ဆန္ဒကိုမေးပြီးအကောင်အထည်ဖော်ဖို့ဆိုပြီး နှစ်ဘက်သဘောတူထည့်သွင်းခဲ့ရ ပါတယ်။
ဒါ့ကြောင့်ပင်လုံညီလာခံမှာ ဗိုလ်ချုပ်နဲ့တိုင်းရင်းသားခေါင်းဆောင်များ အပြန်အလှန်ဆွေး နွေးပြီးတဲ့နောက် ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်တဲ့ ၀န်ကြီးအဖွဲ့မှာ တောင်တန်းဒေသ အတွက် ကိုယ်စားလှယ်တစ်ဦးကို အတိုင်ပင်ခံအဖြစ်ခန့်ပြီး ဌာနလက်ကိုင်မရှိဝန်ကြီး အဖြစ် ခန့်အပ်ဖို့၊ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ လူမျိုးခြင်းမတူတဲ့ ဒုတိယအတိုင်ပင်ခံပုဂ္ဂိုလ်နှစ် ဦး ကို လည်း ခန့်အပ်ဖို့ ပင်လုံစာချုပ်မှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းက တောင်တန်းသားတွေအတွက် စေတနာကောင်းနဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ်ခန့်အပ်ဖို့ အဆိုပြုခဲ့တာကို တိုင်းရင်းသားခေါင်းဆောင်တွေက လက်ခံခဲ့ပေမယ့် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ပတ်သက်ပြီး သူတို့ဘက်က စိုးရိမ်မှုတွေလည်းရှိတယ်။
#ပင်လုံဆိုသည်မှာ
ဆက်ရန်
No comments:
Post a Comment