မင်္ဂလာပါ

ဝင်​​ရောက်​ကြည့်​ရှု့သူအ​ပေါင်း ကို​ယ်​စိတ်​နှစ်​ပါး ​အေးချမ်းကြပါ​စေ.....

Saturday, September 10, 2016

ပင်လုံဆိုသည်မှာ (၂)

ပင်လုံဆိုသည်မှာ (၂)

ဗြိတိသျှ အစိုးရအနေနဲ့ မြန်မာနိုင်ငံကို ပြည်မနဲ့တောင်တန်းဒေသဆိုပြီးခွဲခြား အုပ် ချုပ် တဲ့စနစ်ကို လွတ်လပ်ရေးအတွက်လှုပ်ရှားနေတဲ့ သခင်တွေက မကြိုက်ပါဘူး။ ဒါ့ကြောင့် လည်း၁၉၃၈ခုနှစ် ဒို့ဗမာအစည်းအရုံး မော်လမြိုင်ညီလာခံမှာ တောင်တန်းဒေသနဲ့ ပြည်မ ဒေသခွဲခြားအုပ်ချုပ်တဲ့ စနစ်ကို ဖျက်သိမ်းဖို့အဆိုတစ်ရပ်တင်သွင်းခဲ့ဖူးတယ်။ ဒါပေမယ့် မအောင်မြင်ပါဘူး။ ဒုတိယကမ္ဘာစစ်ဖြစ်တဲ့အထိ ခွဲခြားအုပ်ချုပ်တဲ့စနစ်နဲ့ပဲ အုပ်ချုပ်သွား ခဲ့ပါတယ်။
 
ဒုတိယကမ္ဘာစစ်ဖြစ်တော့ဗြိတိသျှတွေက မြန်မာနိုင်ငံကို ပြန်သိမ်းပြီးရင် ဘယ်လို အုပ်ချုပ် မလဲဆိုတာ စဉ်းစားတယ်။ ဒီလိုနဲ့ ၁၉ ၄၅ ခုနှစ် မေလ ၁၇ ရက်နေ့မှာ သူတို့ရဲ့ အနာဂတ် စီမံချက်ကို ကြေညာတယ်။ အဲဒါကို စက္ကူဖြူစာတမ်းလို့ လူသိများပါတယ်။ အဲဒီစက္ကူဖြူ စာတမ်းမှာ

၁။ ဘုရင်ခံက အမှုဆောင်(၀န်ကြီး) အဖွဲ့နဲ့ ဥပဒေပြုကောင်စီတို့ကို လိုသလိုဖွဲ့ပြီး သုံး နှစ်အုပ်ချုပ်မယ်၊ပြီးရင်ပြည်မကိုဗြိတိသျှ ဓနသဟာယနယ်မှာပါဝင်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေး ရ တဲ့ မြန်မာနိုင်ငံအဖြစ်ထူထောင်ပေးမယ်။

၂။ တောင်တန်းဒေသတွေကို ပြည်မနဲ့ ပေါင်းဖို့အတွက် တိုင်းရင်းသားတွေက ဆန္ဒမရှိ သရွေ့ ဘုရင်ခံက ဆက်ပြီးတိုက်ရိုက်အုပ်ချုပ်မယ်။  ဆိုပြီးပါတယ်။

အဲဒါကို ဖဆပလက လက်မခံဘူး။ ၁၉ ၄၅ ခုနှစ် သြဂုတ်လ ၁၉  ရက်နေ့မှာ လုပ်တဲ့ နေ သူရိန်အစည်းအဝေးမှာ တိုင်းရင်းသားအားလုံးပေါင်းပြီး နိုင်ငံထူထောင်ဖို့၊ အဲဒီလို တည် ထောင်ရာမှာ ပါဝင်တဲ့ လူမျိုးအသီးသီးကို မိမိတို့ ကံကြမ္မာကို မိမိတို့ဖန်တီးနိုင်သော အခွင့်အရေးပေးဖို့ ဆုံးဖြတ်ခဲ့တယ်။

  ၁၉ ၄၆ ခုနှစ် ဇန်န၀ါရီလ ၁၇ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ ရွှေတိဂုံစေတီ အလယ်ပစ္စယံမှာ ကျင်းပခဲ့တဲ့ ဖဆပလ ညီလာခံမှာလည်း စက္ကူဖြူစာတမ်းကို ကန့်ကွက်ပြီးတိုင်းရင်းသားလူနည်းစုများအရေးနဲ့ပတ်သက်တဲ့ ဆုံး ဖြတ်ချက်တွေကို ချမှတ်ခဲ့ပါတယ်။

၁၉ ၄၆ ခုနှစ်အတွင်းမှာ ဗြိတိသျှ အစိုးရက တောင်တန်းဒေသက ခေါင်းဆောင်တွေကို စက္ကူဖြူစာတမ်းပါ ရည်ရွယ်ချက်တွေကိုလက်ခံဖို့ဆွေးနွေးမှုတွေလုပ်ခဲ့တယ်။ ဗိုလ်ချုပ် အောင်ဆန်းကလည်း တောင်တန်းဒေသနဲ့ ပြည်မပူးပေါင်းပြီး လွတ်လပ်ရေးယူနိုင်ဖို့ အတွက် တောင်ကြီး၊ မြစ်ကြီးနား တို့ကို သွားရောက်ပြီး တိုင်းရင်းသားခေါင်းဆောင်တွေ နဲ့တွေ့ဆုံတာ၊ ရှမ်း၊ကချင်၊ချင်း ခေါင်းဆောင်တွေကို ဖိတ်ကြားပြီး ဖဆပလရဲ့ မူဝါဒတွေကို ရှင်းပြတာတွေလုပ်ခဲ့တယ်။

တစ်ဖက်က ရှမ်း၊ကချင်၊ချင်းတိုင်းရင်းသားခေါင်းဆောင်တွေ ကြားမှာလည်း ပြည်မနဲ့ပေါင်းပြီး လွတ်လပ်ရေးယူသင့်၊ မသင့်ဆိုတာ သဘောထားအမျိုး မျိုးကွဲပြားနေတယ်။ ဗြိတိသျှအစိုးရကို တိုင်းရင်းသားတွေရဲ့ သဘောထားမပါပဲ ပြည်မ နဲ့ တောင်တန်းဒေသပူးပေါင်းရေးကို ဆုံးဖြတ်တာမျိုးမလုပ်ဖို့ စာပို့တာတွေလည်းရှိတယ်။

ဒါကိုလည်း အပြစ်တင်လို့မရဘူး။ ဗမာဘုရင်တွေခေတ်က ဆက်ဆံရေးကလည်း တန်းတူ ဆက်ဆံရေးမဟုတ်ခဲ့ဘူး။ ဗြိတိသျှ လက်အောက်မှာကျတော့ ပြည်မနဲ့ တောင်တန်းဒေ သကြား ဆက်သွယ်တာ၊ ခရီးသွားတာတွေကို တင်းတင်းကြပ်ကြပ်ထိန်းချုပ်ထားတော့ ပြည်မက လွတ်လပ်ရေးအတွက် လှုပ်ရှားနေတဲ့ နိုင်ငံရေးခေါင်းဆောင်များနဲ့ တောင်တန်း ဒေသက တိုင်းရင်းသားခေါင်းဆောင်များကြားမှာ ထိတွေ့ဆက်ဆံမှု အလွန်နည်းခဲ့တယ်။ ဒီတော့ နားလည်မှုတည်ဆောက်ရတာအလွန်ခက်တာပေါ့။

အဲဒီလိုအခြေအနေအောက်မှာ  ဗိုလ်ချုပ်အောင်ဆန်းနဲ့အဖွဲ့က လွတ်လပ်ရေးအတွက် ဆွေးနွေးဖို့ လန်ဒန်ကို သွားခဲ့တာပါ။ ဗိုလ်ချုပ်တို့ သွားတာက ၁၉ ၄၇ ခုနှစ် ဇန်န၀ါရီလ ၂ ရက်နေ့၊ မသွားခင် နှစ်ရက်အလို ၁၉ ၄၆ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်နေ့မှာ ဖဆပလ က ကြေညာချက်ထုတ်ပါတယ်။ အဲဒီအချိန်မှာ ဗိုလ်ချုပ်က ဘုရင်ခံရဲ့ အမှုဆောင် ( ၀န်ကြီး ) အဖွဲ့မှာ ဒုတိယဥက္ကဌအဖြစ်နဲ့တာဝန်ယူပြီး အစိုးရအဖွဲ့ဖွဲ့စည်းဆောင်ရွက်နေပြီဖြစ် ပါတယ်။

အဲဒီကြေညာချက်မှာ ရှမ်း၊ ကချင်၊ ချင်း ဒေသတွေကိုပါ အတူလွတ်လပ်ရေးပေးဖို့၊ လွတ်လပ်တဲ့မြန်မာနိုင်ငံမှာ အဲဒီဒေသတွေပါရေး၊ မပါရေးကို ဗြိတိသျှအစိုးရက မဆုံး ဖြတ် ပဲ တိုင်းရင်းသားတွေက ဆုံးဖြတ်ဖို့၊ လွတ်လပ်ရေးမရခင် ကြားကာလမှာ တောင်တန်း ဒေသကို ခွဲခြားအုပ်ချုပ်မထားပဲ တောင်တန်းဒေသရဲ့ ကိုယ်စားလှယ်ကို ဘုရင်ခံအမှု ဆောင်အဖွဲ့ ( ၀န်ကြီးအဖွဲ့) မှာ အတိုင်ပင်ခံအဖြစ် ထည့်သွင်းဖို့ဆိုတဲ့အချက်တွေပါပါ တယ်။ လန်ဒန်ဆွေးနွေးပွဲမှာလည်း ဗိုလ်ချုပ်က အဲဒီအချက်တွေကို ထပ်ပြီးတင်ပြခဲ့တယ်။

လန်ဒန်ဆွေးနွေးပွဲတွေအပြီး လက်မှတ်ထိုးခဲ့တဲ့ အောင်ဆန်း-အက်တလီစာချုပ်မှာ
၁။ ပြည်မနဲ့တောင်တန်းဒေသကြား အတားအဆီးမရှိ လွတ်လပ်စွာ ကူးသန်းသွားလာခွင့် ပြုဖို့၊

၂။ တောင်တန်းဒေသကိုယ်စားလှယ်ကို ဘုရင်ခံအမှုဆောင်အဖွဲ့မှာ အတိုင်ပင်ခံအဖြစ် ထည့်သွင်းခွင့်အပါအ၀င် ကိစ္စများကိုဆွေးနွေးဖို့အတွက် အထူးကွန်ဖရင့်တစ်ခုခေါ်ယူ ပြီး တိုင်းရင်းသားခေါင်းဆောင်များရဲ့ သဘောထားကို ရယူဖို့။

၃။ ကွန်ဖရင့်ပြီးတဲ့အခါ ပြည်မနဲ့ တောင်တန်းဒေသပေါင်းစည်းရေးနဲ့ပတ်သက်ပြီး လေ့လာဖို့အတွက် စုံစမ်းရေးကော်မရှင်ဖွဲ့ဖို့။

၎။   ကော်မရှင်ရဲ့အစီရင်ခံစာကို တိုင်းပြုပြည်ပြု လွှတ်တော်အစည်းအဝေးမတိုင်မီ တင် သွင်းဖို့ ။

ဆိုတဲ့အချက်တွေပါဝင်လာပါတယ်။ အဲဒါဟာ ပင်လုံညီလာခံဖြစ်ပေါ်စေတဲ့ နောက်ခံ အကြောင်းအချက်တွေပဲဖြစ်ပါတယ်။

ဒီနေရာမှာ အချိန်ကန့်သတ်ချက်တစ်ခုရှိနေတယ်။ အဲဒါကတော့ အောင်ဆန်း-အက်တလီ စာချုပ်အရ အခြေခံဥပဒေရေးဆွဲရေးကို တာဝန်ယူမယ့် တိုင်းပြည်ပြုလွှတ်တော် ရွေး ကောက်ပွဲတွေကို ၁၉ ၄၇ ခုနှစ်ဧပြီလမှာလုပ်ပြီး လွှတ်တော်အစည်းအဝေးကို ဇွန်လမှာ ခေါ်မယ်လို့လျာထားပါတယ်။ ဒီတော့ စုံစမ်းရေးကော်မရှင်ဟာ ဇွန်လ မတိုင်မီ လုပ်ငန်း ပြီး ရမှာဖြစ်တော့ ဗိုလ်ချုပ်အနေနဲ့ တိုင်းရင်းသားတွေရဲ့ ထောက်ခံမှုကို ကော်မရှင်မလာခင် ရ ရှိထားဖို့အရေးကြီးပါတယ်။

ပင်လုံစာချုပ်

ဗိုလ်ချုပ်အောင်ဆန်းနဲ့အဖွဲ့၁၉ ၄၇ ခုနှစ် ဖေဖော်ဝါရီလ ၉  ရက်နေ့မှာ ပင်လုံကို ရောက် တယ်။ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ စဆွေးနွေးပြီး ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ပင်လုံ စာချုပ်ကိုလက်မှတ်ထိုးပါတယ်။

စာချုပ်ဖြစ်ပေါ်ရေးအတွက်ဘယ်လို အပြန်အလှန်ဆွေး နွေးခဲ့တယ်ဆိုတာကိုတော့ ဒီနေရာမှာ အသေးစိတ်မပြောတော့ပါဘူး။ စာချုပ် အကြောင်း ပဲ ပြောပါ့မယ်။
ပင်လုံစာချုပ်မူရင်းက အင်္ဂလိပ်ဘာသာနဲ့ ရေးသားထားတာပါ။ ပုံတွေမှာ မြန်မာဘာသာ ပြန်နဲ့ အင်္ဂလိပ်မူရင်းကို တွဲပြီးဖော်ပြထားပါတယ်။ စာချုပ်ကို ဖတ်လိုက်ရင် အဓိကအချက် ငါးချက်ပါတာကို တွေ့ရမှာဖြစ်ပါတယ်။

အဲဒါတွေကတော့

၁။ ဘုရင်ခံအမှုဆောင်ကောင်စီမှာ တောင်တန်းဒေသအတွက် ကိုယ်စားလှယ်တစ်ဦးကို အတိုင်ပင်ခံအဖြစ်ခန့်ပြီး ဌာနလက်ကိုင်မရှိဝန်ကြီးအဖြစ်ခန့်အပ်ခြင်း။

၂။ ဘုရင်ခံရဲ့ အမှုဆောင်ကောင်စီ ( ဗိုလ်ချုပ်ခေါင်းဆောင်တဲ့ အစိုးရအဖွဲ့) ကို တိုးချဲ့ ပေ မယ့်လည်း တောင်တန်းဒေသတွေရဲ့ နယ်တွင်းအုပ်ချုပ်ရေးမှာ လက်ရှိရနေတဲ့ ကိုယ်ပိုင် အုပ်ချုပ်ရေးကို ဆက်လက်ထိန်းသိမ်းထားခြင်း။

၃။ ကချင်ပြည်နယ်ထူထောင်နိုင်ရေးအတွက်အလားအလာများဆွေးနွေးခြင်း။

၎။ တောင်တန်းဒေသပြည်သူများ၏ အခွင့်အရေးနှင့် ရပိုင်ခွင့်များကို အာမခံခြင်း။

၅။ ပင်လုံစာချုပ်အတွက် ဆွေးနွေးလက်မှတ်ရေးထိုးသူများသည် ဖဆပလ နှင့် ရှမ်း ကော် မတီ၊ ကချင်ကော်မတီ၊ ချင်းကော်မတီမှ ပုဂ္ဂိုလ်များသာပါဝင်ခြင်း။

အဲဒီအချက်တစ်ချက်ခြင်းအကြောင်းကို ဆက်ပြီးဆွေးနွေးပါ့မယ်။

#ပင်လုံဆိုသည်မှာ

ဆက်ရန်

No comments:

Post a Comment