မင်္ဂလာပါ

ဝင်​​ရောက်​ကြည့်​ရှု့သူအ​ပေါင်း ကို​ယ်​စိတ်​နှစ်​ပါး ​အေးချမ်းကြပါ​စေ.....

Saturday, September 10, 2016

ပင်လုံဆိုသည်မှာ (၆)

ပင်လုံဆိုသည်မှာ (၆)

ယခင်နဲ့ ယခု

တကယ်တော့ ၁၉ ၄၇ ခုနှစ် ပင်လုံ နဲ့ ၂၀၁၆ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစု) ကြားမှာ နှစ် ခုနှစ်ဆယ်နီးပါး ကွာခဲ့သလို အခြေအနေတွေမလည်း လုံးဝမတူ တော့ ပါဘူး။ ဘာတွေမတူတာလဲ။ ကြည့်ရအောင်

၁။ အကြောင်းအရာ

ပထမဆုံးကွာခြားချက်ကတော့ ညီလာခံရဲ့ အဓိက ဆွေးနွေးတဲ့အကြောင်းအရာပဲ။ ၁၉ ၄၇ ခုနှစ်ပင်လုံကတော့ ရှင်းတယ်။ လွတ်လပ်ရေးယူတဲ့အခါမှာ ပြည်မနဲ့တောင်တန်းဒေ သ ပေါင်းပြီးယူ/မယူဆုံးဖြတ်ဖို့ပဲ။ ဒါ့ကြောင့် ပင်လုံစာချုပ်ရဲ့ နိဒါန်းအပိုဒ်မှာ

“ မြန်မာပြည်ဘုရင်ခံ၏ အမှုဆောင်ကောင်စီမှ ၀န်ကြီးအချို့နှင့် စော်ဘွားအားလုံးအပြင် ရှမ်းပြည်၊ ကချင်တောင်တန်းဒေသများနှင့် ချင်းတောင်တန်းဒေသများမှ ကိုယ်စားလှယ် များတက်ရောက်ကြသော ပင်လုံတွင် ကျင်းပသည့် အစည်းအဝေး၌ ကြားဖြတ်မြန်မာ အစိုး ရနှင့် ချက်ချင်းပူးပေါင်းလိုက်ခြင်းအားဖြင့် ရှမ်း၊ ကချင်နှင့် ချင်းတို့သည် လွတ်လပ်ရေးကို ပိုမိုလျှင်မြန်စွာ ရရှိလိမ့်မည်ဟု အစည်းအဝေးတက်ရောက်သူအဖွဲ့ဝင်တို့က ယုံကြည် သည့်အတိုင်း တညီတညွတ်တည်းအောက်ပါအတိုင်း သဘောတူညီကြသည်”  လို့ ဖော်ပြထားတာဖြစ်ပါတယ်။

၂၁ ရာစုပင်လုံမှာတော့ အဓိကဆွေးနွေးတဲ့အကြောင်းအရာတွေက တစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲရေးစာချုပ်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံးပါဝင်လက်မှတ်ရေး ထိုးဖို့ ၊ နိုင်ငံရေးဆွေးနွေးပွဲမူဘောင်တွေချမှတ်ဖို့၊ ဖက်ဒရယ်ပြည်ထောင်စုတည်ထောင် နိုင်ဖို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေဆို်င်ရာကိစ္စတွေ ဆွေးနွေးဖို့ ဖြစ်ပါတယ်။

အဲဒီ ခေါင်းစဉ်ကြီးတွေအောက်မှာ နောက်ထပ်ခေါင်းစဉ်အသေးတွေအများကြီးကျန်သေးတယ်။ ဆွေးနွေးမယ့်အကြောင်းအရာများတာနဲ့အမျှ ပြဿနာက ပိုရှုတ်ထွေးလာတာအမှန်ပဲ။

၂။  အားလုံးပါဝင်မှု

ဒုတိယအချက်က ၁၉ ၄၇ ပင်လုံမှာ ပြည်မမှာ အစိုးရအဖွဲ့ကို ခေါင်းဆောင်တဲ့ ဗိုလ်ချုပ် အောင်ဆန်းနဲ့ တောင်တန်းဒေသမှာ ပါတဲ့ ရှမ်း၊ကချင်၊ ချင်းတိုင်းရင်းသားခေါင်းဆောင် တွေပဲ ဆွေးနွေးခဲ့ရတယ်။ သံလွင်ခရိုင်က ကရင်ကိုယ်စားလှယ်နဲ့ ကရင်နီဒေသက ကိုယ် စားလှယ်တွေက လေ့လာသူအဖြစ်ပဲတက်ရောက်တယ်။ လက်မှတ်မထိုးဘူး။  ရခိုင်၊မွန် လုံးဝမပါဘူး။ ၀၊ ကိုးကန့်၊ ပအိုဝ်း၊ဓနု၊ လားဟူ၊နာဂ စတဲ့ လူမျိုးစုတွေလည်းမပါဘူး။

၂၁ ရာစုပင်လုံမှာတော့ အစိုးရ၊လွှတ်တော်၊ တပ်မတော်၊ နိုင်ငံရေးပါတီ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့၊ တိုင်းရင်းသားကိုယ်စားလှယ်များနဲ့ အခြားဖိတ်ကြားသင့်သူများဆို တဲ့ အဖွဲ့ခုနှစ်ဖွဲ့ပါတယ်။

ဒါတောင် အရပ်ဘက်လူထုအဖွဲ့အစည်းတွေက ပါခွင့်မရလို့ ကန့် ကွက်တာရှိတယ်။ နိုင်ငံရေးပါတီတွေထဲမှာ ရွေးကောက်မခံရတဲ့ ပါတီအားလုံး တက် ခွင့်မရလို့ ကန့်ကွက်နေတာရှိတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲမှာ တစ်ဖွဲ့ နဲ့တစ်ဖွဲ့ ရပ်တည်ချက်မတူတာရှိတယ်။ နယ်မြေနဲ့ပတ်သက်ပြီး အငြင်းပွားနေတာရှိ တယ်။

၂၀၀၈ အခြေခံဥပဒေအရ ပြည်နယ်ခုနှစ်ခုအပြင် ၀၊ ကိုးကန့်၊ ဓနု၊ပလောင်၊ ပအိုဝ့် နဲ့နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသတွေပါရှိလာပြီ။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရထား တဲ့ ၀ က ပြည်နယ်တောင်းနေတယ်။ ကို်ယ်ပိုင်အုပ်ချုပ်ခွင့်ဒေသမရသေးတဲ့ ရှမ်းနီ၊လား ဟူ၊ရ၀မ်၊ လီဆူးစတာတွေကလည်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတောင်းနေတယ်။

တိုင်းရင်းသားလူမျိုးစုတစ်ခုချင်းရဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အခြေအနေတွေကလည်း ၁၉ ၄၇ ခုနှစ်နဲ့အများကြီးခြားနားခဲ့ပါပြီ။ဒါ့ကြောင့် အဖြေ ရှာ တဲ့အခါမှာ ပိုမို ကျယ်ပြန့်တဲ့ တောင်းဆိုချက်တွေကြားက အကောင်းဆုံးအဖြေရှာ ရတော့မှာဖြစ်ပါ တယ်။

၃။ လက်နက်ကိုင်ပဋိပက္ခ

၁၉ ၄၇ ခုနှစ် ပင်လုံကျင်းပတော့ တိုင်းရင်းသားတွေကြားမှာ လက်နက်ကိုင်ပဋိပက္ခ မရှိ ဘူး။
၂၀၁၆ ပင်လုံ က နှစ်ခြောက်ဆယ်ကျော်လက်နက်ကိုင်ပဋိပက္ခရဲ့ အခြေအနေအောက်မှာ ကျင်းပရတယ်။ လက်နက်ကိုင်ပဋိပက္ခဆိုတာ အစိုးရနဲ့ ဖြစ်တာရှိသလို တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေကြားမှာ ဖြစ်တာလည်းရှိတယ်။

တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ဆိုတာကလည်း အကြီးအသေး နှစ်ဒါဇင်နီးပါးလောက်ရှိတယ်။ တစ်ချို့က အပစ် အခတ် ရပ်စဲရေးလက်မှတ်ထိုးထားပြီး တိုက်ပွဲမဖြစ်တော့ဘူး။ တစ်ချို့က လက်မှတ်မထိုး ဘူး၊ဒါပေမယ့်တိုက်ပွဲမဖြစ်ဘူး။တစ်ချို့ကလက်မှတ်မထိုးတဲ့အတွက် တိုက်ပွဲတွေ ဆက်ဖြစ် နေတယ်။

ပဋိပက္ခသက်တမ်းကြာ လာတာနဲ့အမျှ ပတ်သက်သူတွေအားလုံးကြားမှာ နစ်နာမှုတွေ ရှိတယ်၊ခံစားချက်တွေ ရှိ တယ်၊ သံသယတွေများတယ်။ အဲဒါတွေကို ကျော်လွှားပြီး အဖြေ ရှာရမယ်။

၎။ ပထ၀ီနိုင်ငံရေး

၁၉ ၄၇ခုနှစ် မှာ ဗိုလ်ချုပ်အောင်ဆန်းက ဒုတိယကမ္ဘာစစ်ကြောင့် အင်အားချည့်နဲ့နေ တဲ့ ဗြိတိသျှ အစိုးရနဲ့ပဲ ဆွေးနွေးရတာ။  တရုတ်နိုင်ငံက ကွန်မြူနစ်တွေနဲ့ ကူမင်တန်တွေ ကြား တိုက်လို့ကောင်းတုန်း၊ အာရှတိုက်ရဲ့ လူမမာကြီးအဖြစ်နဲ့ ရှိနေတုန်း။ အမေရိကန် က ဥရောပတိုက်ပြန်လည်ထူထောင်ရေးနဲ့အလုပ်များနေဆဲ၊ စစ်အေးတိုက်ပွဲက မပြင်းထန် သေးဘူး။

၂၀၁၆ ခုနှစ်မှာ တရုတ်နိုင်ငံက အင်အားကြီးနိုင်ငံအဆင့်ရောက်နေပြီ။ အမေရိကန်က လည်း အိုဘားမားရဲ့ အာရှရေးရာမူဝါဒအရ အာရှဒေသအတွင်းမှာ သံတမန်ရေးအရ၊ ကာ ကွယ်ရေးအရ တက်ကြွစွာလှုပ်ရှားနေပြီး တရုတ်က အဲဒီလုပ်ဆောင်ချက်တွေဟာ တရုတ် နိုင်ငံကို ၀ိုင်းပတ်ထိန်းချုပ်ရေးမူဝါဒလို့မြင်တယ်။

တရုတ်နိုင်ငံရဲ့ အနောက်ဘက် တံခါးဝ ဖြစ်တဲ့ မြန်မာနိုင်ငံဟာ ဘက်မလိုက်နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးတယ်ဆိုပေမယ့် အဲဒီ အားပြိုင်မှု ရဲ့ ရိုက်ခတ်မှုကိုတော့ ခံရတာပဲ။

ဒီကနေ့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ဆိုင်ရာ စာချုပ် ( NCA) ကိုလက်မှတ်မထိုးတဲ့ အဖွဲ့တွေထဲက အင်အားကြီးအဖွဲ့တွေဟာ မြန်မာ-တရုတ် နယ်စပ်မှာအခြေပြုနေတာ၊ နောက်မှ တိုက်ပွဲတွေဖြစ်တဲ့ TNLA, AA နဲ့ ဖုန်ကြားရှင် အဖွဲ့တွေဟာ နယ်စပ်ဒေသမှာ ချက်ခြင်းပေါ်လာပြီး လှုပ်ရှားနေတာတွေဟာ  တိုက်ဆိုင်မှုလို့ပြောဖို့ အတော်ခက်ပါတယ်။

ဒါဟာ ၁၉ ၄၇ ခုနှစ်ပင်လုံနဲ့ ၂၀၁၆ (၂၁) ရာစု ပင်လုံကြားမှာ မတူညီမှုတွေထဲက အဓိက အချက်များကိုသာ အကျဉ်းချုံးတင်ပြခဲ့တာဖြစ်ပါတယ်။ အဲဒီမတူညီမှုတွေကို နားလည်မှ ၂၁ ရာစုပင်လုံမှာ အဖြေရှာလို့ရမှာဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီခြားနားချက်ကို မမြင်နိုင်တဲ့ သူတွေ အများကြီးရှိတယ်ဆိုတာ ပြီးခဲ့တဲ့ ညီလာခံဆွေးနွေးမှုတွေမှာမြင်ခဲ့ရပါတယ်။

အမွေလား၊အကြွေးလား

ဒေါ်အောင်ဆန်းစုကငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (Peace Process Steering Team-PPST) နဲ့တွေ့တဲ့အခါ  ၂၁ ရာစုပင်လုံမှာ (ပင်လုံစိတ်ဓါတ်)ကို အခြေခံပြီး ကျင်းပ သွားမှာ ဖြစ်တယ် လို့ပြောတဲ့အခါ စိတ်ဓာတ်ပဲ ယူလို့မရဘူး။ ပင်လုံစာချုပ်မှာ ပေးထား တဲ့ ကတိတွေကိုလည်း ယူလာရမယ်လို့ တိုင်းရင်းသားခေါင်းဆောင်တစ်ချို့ကပြောတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ရဲ့ခေါင်းဆောင်ဆိုရင်ပင်လုံစာချုပ်မှာကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ရှိရမယ် ဆိုတာလည်းပါတဲ့ အပြင်ကွင်းစကွင်းပိတ်နဲ့ (ခွဲထွက်ရေး) ဆိုတဲ့ ကတိပါတယ်လို့တောင် အင်တာဗျူး တစ်ခု မှာပြောသွားသေးတယ်။ ပင်လုံအကြောင်း နှစ်နှစ်ဆယ် လောက်ပြောလာတဲ့သူက ပင်လုံစာချုပ်ကိုတောင် ဖတ်ဖူးပုံမရဘူး။ ဒီလိုပဲ ၂၁ ရာစု ပင်လုံ ကို လာတက်တာ အမွေတောင်းတာ မဟုတ်ဘူး အကြွေးလာတောင်းတာ၊ လို့ ပြောတဲ့သူတွေ လည်းရှိတယ်။

ပင်လုံစာချုပ်ကို ဖတ်ကြည့်ရင်  ခွဲထွက်ခွင့်ဆိုတဲ့ စကားလုံး လုံးဝမပါဘူး။ ဆွေးနွေးမှုတွေ အတွင်းမှာ ရှမ်း၊ ကချင်ခေါင်းဆောင်များဘက်က ခွဲထွက်ခွင့် ဆိုတဲ့အခွင့်အရေးကို ထည့် ဖို့ဆွေးနွေးပေမယ့် ဗိုလ်ချုပ်အောင်ဆန်းက “ မပေါင်းခင်က ခွဲထွက်ရေးကိစ္စကို ပြောနေ ခြင်းမှာ မလျော်ကန်ကြောင်း၊၎င်းကိစ္စမှာ မြန်မာနိုင်ငံ၏ အနာဂတ်အရေးအတွက် လွန်စွာ အရေးကြီးသဖြင့် တိုင်းပြည်ပြုလွှတ်တော်၌ စဉ်းစားရန်”  ပြန်ပြောခဲ့တယ်လို့ ဦးဖေခင် ရဲ့ မှတ်တမ်းတွေထဲမှာဖော်ပြထားပါတယ်။

တိုင်းပြည်ပြုလွှတ်တော်မှာဆွေးနွေးတဲ့အခါ အဲဒီ အချက်ကို လက်ခံပြီး ကန့်သတ်ချက်နဲ့အတူ ၁၉ ၄၇ ခုနှစ် အခြေခံဥပဒေမှာ ထည့်သွင်း ပြဋ္ဌာန်းပေးခဲ့ပါတယ်။

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ပတ်သက်ရင် ပင်လုံစာချုပ်မှာ ညွှန်းတဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတာ လွတ်လပ်ရေးအတွက်ပြင်ဆင်ဆဲကာလမှာ တောင်တန်းဒေသရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ပဲ ညွှန်းဆိုခဲ့တာပါ။

ဒါပေမယ့် ဗိုလ်ချုပ်အနေနဲ့ တိုင်းရင်းသားလူမျိုးများရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်ကို မူအရလက်ခံထားသလို တစ်ဖက်ကလည်း ၁၉ ၄၇ ခုနှစ် မေလ ၁၉  ရက်ကနေ ၂၃ ရက်နေ့အထိ ကျင်းပတဲ့ အခြေခံဥပဒေရေးဆွဲရေးအတွက် ဖဆပလ ပဏာမပြင်ဆင်မှု ညီလာခံမှာ “လူမျိုးကြီးဆိုတာ အချင်းချင်းပေါင်းကြရင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အရပေါင်းကြ၊ ဒါပေမယ့် နေရာတကာ အချိန်အခါတိုင်းမှာ အခြေအနေ အကျိုးအကြောင်းကို မထောက် ဘဲ အရမ်းကိုယ်ပိုင်ပြဋ္ဌာန်းခွင့်မဟုတ်ရဘူး” လို့ထည့်သွင်းပြောခဲ့ပါတယ်။

ဒါဟာ တစ်စိတ် တစ်ဒေသက အားလုံးကို ဆန့်ကျင်တဲ့ အခြေအနေမျိုးမရောက်အောင်သတိပေးခဲ့တာပါ။

ရှေ့မှာဖော်ပြခဲ့တဲ့အခန်းဆက်ဆောင်းပါးတွေကို ဖတ်လိုက်ရင် ပင်လုံစာချုပ်မှာ ဗိုလ်ချုပ် ပေးထားတဲ့ ကတိတွေအားလုံးအကောင်အထည် ဖော်ခဲ့ပြီးဖြစ်တယ်ဆိုတာ တွေ့ရမှာပါ။

ဒါ့ကြောင့် ၂၁ ရာစု ပင်လုံဟာ ပြည်ထောင်စုစိတ်ဓာတ်နဲ့ နိုင်ငံ့အနာဂတ်ကို အဖြေရှာနိုင် တယ်ဆိုတဲ့ ၄၇ ပင်လုံရဲ့ စိတ်ဓာတ်ကိုပဲ အမွေဆက်ခံရမှာဖြစ်ပါတယ်။ အကြွေးမကျန် တော့ပါဘူး။

#ပင်လုံဆိုသည်မှာ

ပြီး

No comments:

Post a Comment