မင်္ဂလာပါ

ဝင်​​ရောက်​ကြည့်​ရှု့သူအ​ပေါင်း ကို​ယ်​စိတ်​နှစ်​ပါး ​အေးချမ်းကြပါ​စေ.....

Saturday, September 10, 2016

ပင်လုံဆိုသည်မှာ (၅)

ပင်လုံဆိုသည်မှာ (၅)

ဒီမိုကရေစီအခွင့်အရေး

ပင်လုံစာချုပ်အပိုဒ် (၇) မှာ တောင်တန်းဒေသရှိ ပြည်သူတို့သည် ဒီမိုကရေစီတိုင်းပြည် များတွင် အခြေခံအခွင့်အရေးနှင့် ရပိုင်ခွင့်များဟု သတ်မှတ်ထားသည့် အခွင့်အရေး နှင့် ရပိုင်ခွင့်များကို ရရှိခံစားစေရမည်  လို့ ဖော်ပြထားပါတယ်။

အဲဒီအပိုဒ်ကတော ဖဆပလ ရဲ့ အယူအဆဖြစ်ပါတယ်။ ၁၉ ၄၆ ခုနှစ် ဇန်န၀ါရီလ ၁၇ ရက် နေ့မှ ဇန်န၀ါရီလ ၂၃ ရက်နေ့အထိ ကျင်းပခဲ့တဲ့ ဖဆပလ ပထမအကြိမ်ညီလာခံမှာ  လွတ်လပ်ရေးနဲ့ပတ်သက်တဲ့ အဆို ၁၈ ခုကို တင်သွင်းဆုံးဖြတ်ခဲ့တယ်။ အဲဒီအထဲက ဦးဖေခင်တင်သွင်းတဲ့အဆိုအမှတ် ၇ နယ်ခြားဒေသများအား မြန်မာပြည်မနှင့် ပူးပေါင်း ရေး အဆိုမှာ တောင်တန်းဒေသများက နယ်သူနယ်သားများကို ၎င်းတို့၏ ဆန္ဒကို ထုတ်ဖော် နိုင်ရန် လွတ်လပ်စွာရေးသားခွင့်နှင့် ဟောပြောစည်းရုံးခွင့်ပေးရန်၊  ချုပ်ချယ်ထားသော ဥပဒေများကို ပယ်ဖျက်၍ မြန်မာတို့နှင့်လွတ်လပ်စွာ ကူးလူးဆက်ဆံခွင့်ပေးရန် ဆိုပြီး ပါ တယ်။

အဲဒီလိုပြောရတာက ပြည်မဒေသက နိုင်ငံရေးလှုပ်ရှား မှုတွေတိုးတက် လာတဲ့အချိန်မှာ တောင်တန်းဒေသပြည်သူတွေမှာ နိုင်ငံရေးလွတ်လပ်ခွင့်တွေမရဘဲ ကျန်နေတဲ့အတွက် ဖြစ်ပါတယ်။

ဗြိတိ သျှတွေက ၁၉ ၂၃ ခုနှစ်မှာ ဒိုင်အာခီအုပ်ချုပ်ရေးကို အကောင်အထည်ဖော်ခဲ့တယ်။ အဲဒီ စနစ်အရ ဥပဒေပြုကောင်စီကို အဖွဲ့ဝင် ၁၀၃ ဦးနဲ့ ဖွဲ့စည်းပြီး ၇၉  ဦးက ရွေးချယ် ခံတွေ ဖြစ်တယ်။ ဥပဒေပြုကောင်စီက ဖွဲ့စည်းလိုက်တဲ့အစိုးရအဖွဲ့က ပညာရေး၊ကျန်းမာ ရေး၊ စိုက်ပျိုးရေး၊ သစ်တော၊ ယစ်မျိုး၊  ဆောက်လုပ်ရေး ( အဲဒီအချိန်က Public Work Dpt လို့ ခေါ်တယ်။) ဒေသန္တရအုပ်ချုပ်ရေးတွေကို တာဝန်ယူရတယ်။

နောက်တစ်ခါ  ၁၉ ၃၅ ခုနှစ် ဥပဒေအရ မြန်မာနိုင်ငံကို အိန္ဒိယနိုင်ငံထဲက ခွဲထုတ်ပြီး အုပ်ချုပ်တဲ့အခါ မြန်မာ အစိုးရနဲ့ လွှတ်တော်က ပိုပြီး အာဏာရလာတယ်။ ဒိုင်အာခီ အုပ်ချုပ်ရေးအရ အိန္ဒိယ အစိုးရ က တာဝန်ယူခဲ့တဲ့ လုပ်ပိုင်ခွင့်တွေကို မြန်မာနိုင်ငံက ရ လာတယ်။

လွှတ်တော် ကလည်း နှစ်ရပ် ဖြစ်လာတယ်။ အထက်လွှတ်တော်(ဆီးနိတ်) မှာ ၁၈ ဦးကို အောက် လွှတ်တော်အမတ်တွေထဲက အချိုးကျ ကိုယ်စားလှယ်ရွေးချယ်တဲ့ စနစ်နဲ့ ရွေးချယ် ပေးပြီး ၁၈ ဦးကို ဘုရင်ခံက တိုက်ရိုက်ခန့်တယ်။

အောက်လွှတ်တော်မှာ ၁၃၂ ဦးရှိပြီး ၉ ၁ ဦးကို အထွေထွေမဲဆန္ဒနယ်တွေ ကနေပြည်သူ့ ဆန္ဒမဲနဲ့ ရွေးတယ်၊

၂၅ ဦးကို လူမျိုးအလိုက်( ကရင်လူမျိုး ၁၂ဦး ၊ အိန္ဒိယတိုက်သား ၈ဦး ၊ဥရောပတိုက်သား ၃ဦး၊ ကပြား ၂ ဦး) ရွေးတယ်၊

၁၆ ဦးကို ကူးသန်းရောင်းဝယ်ရေး၊ စက်မှု၊ အလုပ် သမားနဲ့တက္ကသိုလ်ကို ကိုယ်စား ပြုတဲ့သူတွေထဲက ( စက်မှုနဲ့ ကူးသန်းရောင်းဝယ်ရေးကဏ္ဍ ၁၂ ဦး၊ ရန်ကုန်တက္ကသိုလ် ၁ ဦး၊ အိန္ဒိယနွယ်ဖွားအလုပ်သမားကိုယ်စားလှယ် ၂ ဦး၊ အိန္ဒိယနွယ်ဖွားမဟုတ်သော အလုပ် သမားကိုယ်စားလှယ် ၂ ဦး) ရွေးတယ်။
  
ဘုရင်ခံ၏ အမှုဆောင် ကောင်စီ (၀န်ကြီးအဖွဲ့) ကို ဘုရင်ခံကခေါင်းဆောင်တယ်။ ကာကွယ်ရေး၊နိုင်ငံခြားရေးနဲ့ငွေကြေး ဆိုင်ရာမူဝါဒနဲ့ တောင်တန်းဒေသအုပ်ချုပ်ရေး တွေ ကလွဲရင်ကျန်ကိစ္စတွေမှာဝန်ကြီးတွေရဲ့ အကြံပြုချက် အတိုင်း ဆောင်ရွက် ရတယ်။

အဲဒီလို ပြည်မဒေသမှာ နိုင်ငံရေးအရ ပြည်သူတွေရဲ့ ပါဝင်ခွင့်တိုးတက်လာနေချိန်မှာ တောင်တန်းဒေသတွေမှာ အစဉ်အလာအရ မျိုးနွယ်စုခေါင်းဆောင်တွေက အုပ်ချုပ်တဲ့ ပဒေသရာဇ်စနစ်အတိုင်း ပဲဆက်ရှိနေတယ်။လူတစ်ကိုယ်မဲတစ်ပြား၊ လွတ်လပ်စွာ ရွေးချယ် ခွင့်နဲ့ ရွေးချယ်ခံပိုင်ခွင့်၊လွတ်လပ်စွာပြောဆိုခွင့်ဆိုတာတွေမရှိဘူး။ ဘာသာရေး အဖွဲ့ အစည်းကလွဲရင် နိုင်ငံရေးအဖွဲ့အစည်းတွေဖွဲ့စည်းခွင့်မရှိဘူး။

ပြည်မနဲ့ ကူး လူး ဆက်ဆံ ခွင့်ကိုထိန်းချုပ်ထားတဲ့အတွက် ပင်လုံ ညီလာခံကျင်းပတဲ့အချိန်အထိ တောင် တန်း ဒေသ တွေမှာ ဖဆပလ အဖွဲ့တွေမဖွဲ့နိုင်သေးဘူး။ ဒုတိယကမ္ဘာစစ်ပြီးမှ ရှမ်းပြည်နယ်မှာ ဦးတင်ဧ ခေါင်းဆောင် တဲ့ ရှမ်းပြည်လွတ်လပ်ရေးအဖွဲ့ ( ရပလ) ကို ၁၉ ၄၆ ခုနှစ် စက်တင်ဘာ ၂၀ ရက်နေ့ မှာ ဖွဲ့နိုင်ပြီး စော်ဘွားတွေကို နိုင်ငံရေးအခွင့်အရေးတွေပေးဖို့ စတင်တောင်းဆိုခဲ့ရတယ်။
 
ဒ့ါကြောင့် ပင်လုံစာချုပ်မှာ ဗိုလ်ချုပ်က တောင်တန်းဒေသပြည်သူများ၏ ဒီမိုကရေစီ အခွင့် အရေးနှင့် ရပိုင်ခွင့်များကို အာမခံဖို့ အချက်ကို ထည့်သွင်းခဲ့တာဖြစ်ပါတယ်။ တကယ်က တော့ အခြေခံဥပဒေရေးဆွဲမယ့် တိုင်းပြည်ပြုလွှတ်တော်ရွေးကောက်ပွဲတွေကို ၁၉ ၄၇ ခုနှစ် ဧပြီလမှာ ကျင်းပတဲ့အခါ တောင်တန်းဒေသက ပြည်သူတွေအနေနဲ့လည်း သူတို့ရဲ့ ကိုယ်စားလှယ်တွေကို တိုက်ရိုက်ရွေးချယ်စေလွှတ်ဖို့အတွက် ရည်မှန်းခဲ့တာပါ။

ဒါပေမယ့် တစ်ခါမှရွေးကောက်ပွဲမလုပ်ဘူးတဲ့ဒေသတွေမှာ နှစ်လအတွင်းရွေးကောက်ပွဲအတွက် ပြင် ဆင်ဖို့မလွယ်တဲ့အတွက် တောင်တန်းဒေသကိုယ်စားလှယ် ၄၅ နေရာကို အောက်ပါ စနစ် နဲ့ရွေးချယ်ခဲ့ရပါတယ်။

၁။ စော်ဘွားကိုယ်စားလှယ် ၅၀%၊ လူထုကိုယ်စားလှယ် ၅၀% နဲ့ ဖွဲ့စည်းထားတဲ့ ရှမ်း ပြည်နယ်ကောင်စီက ရွေးချယ်ပေးတဲ့ ကိုယ်စားလှယ် ၂၆ ဦး။
၂။ ကချင်ပြည်နယ်မှ ဒူဝါများပါဝင်တဲ့ ဒိစကြိတ်ကောင်စီများကရွေးချယ်ပေးတဲ့ ကိုယ်စား လှယ် ၇ ဦး။
၃။ ချင်းလူထုအစည်းအဝေးများက ရွေးချယ်ပေးသူ ၆ဦး။
၎။ ကရင်နီ ( ယခု ကယားပြည်နယ်) မှ ၂ ဦး။
၅။ သံလွင်ခရိုင်မှ ၂ ဦး။
၆။  ဟုမ္မလင်းနဲ့ ဆွမ္မရာနယ်မှ ၂ ဦး။

ဒါ့ကြောင့် ပင်လုံစာချုပ်မှာပါတဲ့ တိုင်းရင်းသားလူမျိုးများရဲ့ ဒီမိုကရေစီအခွင့်အရေးဆိုတာ ကတော့ ၁၉ ၄၇ ခုနှစ် တိုင်းပြည်ပြု လွှတ်တော်ရွေးကောက်ပွဲမှာ အကောင်အထည်ဖော်နိုင် ခြင်းမရှိခဲ့ဘူး။

အခုအထိ ရေးခဲ့သမျှအားလုံးက ၁၉ ၄၇ ခုနှစ် ပင်လုံစာချုပ် ပေါ်ပေါက်ခဲ့ရတဲ့ နောက်ခံ သမိုင်း၊ စာချုပ်မှာ ပါတဲ့အချက်များနဲ့ အဲဒီအချက်များပါဝင်ရခြင်းအကြောင်းအရင်းတွေပဲ ဖြစ်ပါတယ်။

၁၉ ၄၇ ပင်လုံဆိုတာကို သိပြီဆိုရင် ၁၉ ၄၇ ပင်လုံနဲ့ ၂၁ ရာစုပင်လုံ တနည်းအားဖြင့် ၂၀၁၆ ပင်လုံ ဘာတွေကွာခြားသွားပြီလဲဆိုတာ နှိုင်းယှဉ်ကြည့်ဖို့လိုပါတယ်။

#ပင်လုံဆိုသည်မှာ

ဆက်ရန်

No comments:

Post a Comment