ပင်လုံဆိုသည်မှာ (၁)
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစုပင်လုံ ) မှာ အဖွဲ့အစည်းများ၊ ပညာရှင်များ က ဆွေးနွေးကြတဲ့အခါ ပင်လုံစာချုပ်ကို ရည်ညွှန်းပြီး ဆွေးနွေးခဲ့ကြပါတယ်။ ပင်လုံ စာချုပ် နဲ့ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးကို ဆက်စပ်ပြီးပြောကြပါတယ်။ ပင်လုံစာချုပ် ပါ ကတိက၀တ်ဆိုတာတွေလည်းပြောကြပါတယ်။ ဒီတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို စိတ်ဝင်စားတဲ့ သူတွေအနေနဲ့ ပင်လုံစာချုပ် ဘယ်လိုပေါ်ပေါက်လာခဲ့သလဲ၊ ပင်လုံစာချုပ် မှာ ဘာတွေပါသလဲဆိုတာ သိထားဖို့လိုလာပါတယ်။
နောက်ခံသမိုင်း
ပင်လုံစာချုပ်အကြောင်းမပြောခင် ပင်လုံစာချုပ်ဘာ့ကြောင့်ဖြစ်လာရသလဲဆိုတာ သိဖို့ လို ပါတယ်။ ပင်လုံစာချုပ် ဘာ့ကြောင့်ဖြစ်လာရသလဲဆိုတာ သိဖို့ ဆိုရင်တော့ မြန်မာနိုင်ငံကို ဗြိတိသျှ အစိုးရကဘယ်လိုအုပ်ချုပ်ခဲ့သလဲဆိုတာ သိဖို့လိုပါတယ်။
ဗြိတိသျှ တွေက မြန်မာနိုင်ငံကို အုပ်ချုပ်တဲ့အခါမှာ ပြည်မ (Ministerial Burma, or Burma proper) နဲ့တောင်တန်းဒေသ သို့မဟုတ် နယ်ခြားဒေသ (Frontier Areas) ဆို ပြီးခွဲခြားအုပ်ချုပ်ခဲ့တယ်။ ပြည်မဒေသကို ဘုရင်ခံက အုပ်ချုပ်ပြီး တောင်တန်းဒေသတွေကို တော့ ၀န်ရှင်တော်မင်းကြီး/ အရေးပိုင်စတဲ့သူတွေက ကတဆင့် စော်ဘွားများ၊ ဒူဝါများ ၊ တောင်အုပ်များ အစဉ်အလာ တိုင်းရင်းသား အကြီးအကဲများ၊လူမျိုးစုခေါင်းဆောင်များကို အုပ်ချုပ်ခိုင်းတယ်။
အဲဒီ တိုင်းရင်းသားခေါင်းဆောင်တွေကို ဆနဒ် (Sanad ) လို့ခေါ်တဲ့ ခန့်အပ်လွှာနဲ့ ခန့်အပ် တယ်။ ၀န်ရှင်တော်မင်းကြီးက မကြိုက်ရင် ဆနဒ်ကို ပြန်ရုပ်သိမ်း ပြီး အစားထိုးခန့်အပ်လို့ရတယ်။
အခြေခံအားဖြင့်တော့ ခန့်အပ်ခြင်း ခံ ရတဲ့တိုင်းရင်းသား/လူမျိုးစုခေါင်းဆောင်တွေက
၁။ မိမိနယ်မြေအတွက်သတ်မှတ်တဲ့အခွန်ကို ဗြိတိသျှအစိုးရကို ပေးရမယ်။
၂။ သစ်တော၊ သတ္တု၊ ကျောက်မျက်ရတနာအားလုံးကို ဗြိတိသျှ အစိုးရက ပိုင်တယ်။ အဲဒါ ကို လုပ်ခွင့်၊အငှားချထားခွင့်ကို သက်ဆိုင်ရာခေါင်းဆောင်တွေကို ပေးနိုင်တယ်။ အဲဒီလို ပေးရင် ဘုရင်ခံကောင်စီက သတ်မှတ်တဲ့ အခွန်ကိုပေးရမယ်။
၃။ ကိုယ့်နယ်မြေအတွင်းမှာ ငြိမ်ဝပ်ပိပြားမှုရှိအောင်လုပ်ရမယ်၊ကုန်သွယ်ရေးလမ်းကြောင်း တွေဖွင့်ပေးရမယ်။
၎။ နယ်တစ်နယ်နဲ့တစ်နယ်အငြင်းပွားရင် ၀န်ရှင်တော်မင်းကြီးရဲ့အဆုံးအဖြတ်ကို ခံယူရ မယ်။
၅။ မိမိနယ်မြေအတွင်းမှာ ရိုးရာဓလေ့ထုံးစံနဲ့အညီ တရားစီရင်နိုင်တယ်။ ဒါပေမယ့် ဥရော ပ တိုက်သားတွေကို တရားစီရင်လို့မရဘူး။
၆။ ဗြိတိသျှ အစိုးရက ကားလမ်း၊ရထားလမ်းဖောက်ရင် ၊ စစ်စခန်းဆောက်ရင်၊တရားခံ ဖမ်းဖို့ အကူအညီတောင်းရင် အကူအညီပေးရမယ်။
၇။ တိုင်းရင်းသားခေါင်းဆောင်တွေမှာ ဥပဒေပြုအာဏာမရှိဘူး။ ဗြိတိသျှ အစိုးရရဲ့ ဥပဒေတွေအတိုင်းလိုက်နာရတယ်။ အုပ်ချုပ်ရေးဆိုင်ရာကိစ္စတွေမှာ ၀န်ရှင်တော်မင်းကြီး ၊ အရေးပိုင်စတဲ့ပုဂ္ဂိုလ်တွေနဲ့တိုင်ပင်ဆောင်ရွက်ရတယ်။ တစ်ချို့ကိစ္စတွေမှာ အဲဒီပုဂ္ဂိုလ် တွေရဲ့ခွင့်ပြုချက်ရမှလုပ်ရတယ်။အဲဒီပုဂ္ဂိုလ်တွေကနိုင်ငံရေးဆိုင်ရာအတိုင်ပင်ခံအဖြစ်လည်း တာဝန်ယူတယ်။
ဒါပေမယ့် ရှမ်းပြည်နယ်နဲ့ ကချင်တောင်တန်းဒေသ၊ချင်းတောင်တန်းဒေသတွေ ကြားမှာ လည်း အုပ် ချုပ်ပုံနည်းလမ်းအသေးစိတ်မှာ ကွာခြားမှုရှိတယ်။
ရှမ်းပြည်နယ် ၁၈၈၈ ခုနှစ် ရှမ်းပြည်နယ်အက်ဥပဒေ (The Shan State Act ) နဲ့ အုပ်ချုပ်ပြီး နောက်ပိုင်းမှာ အုပ်ချုပ် ပုံစနစ်ပြောင်းလဲမှုတွေရှိတယ်။ဥပဒေတွေတိုးချဲ့ပြင်ဆင်တာရှိတယ်။အကြီးမားဆုံးပြောင်းလဲမှု ကတော့ ၁၉ ၂၅ ခုနှစ်မှာဝန်ရှင်တော်မင်းကြီး ( Commissioner) ကို ခန့်ထားပြီး ရှမ်းစော်ဘွားကောင်စီ ( The Federal Council of Shan Chiefs) နဲ့ တွဲပြီးအုပ်ချုပ် တာ ဖြစ်ပါတယ်။
အဲဒီကောင်စီမှာ ၀န်ရှင်တော်မင်းကြီးက ဥက္ကဌ၊ ရှမ်းပြည်နယ်အရေးပိုင်က ဒု တိယ ဥက္ကဌနဲ့ တောင်ကြီးဝန်ထောက်က အတွင်းရေးမှူးအဖြစ်ဆောင်ရွက်ပါတယ်။ စော် ဘွားတွေက အဖွဲ့ဝင်ဖြစ်ပါတယ်။ အဲဒီကောင်စီမှာ စော်ဘွားတွေက ပြည်နယ်ဆိုင်ရာ ကိစ္စ တွေ၊ ဘဏ္ဍာငွေဆိုင်ရာကိစ္စတွေကို တင်ပြခွင့်ရှိပြီး ဘုရင်ခံက သဘောတူရင် ဆက်လုပ် လို့ရပါတယ်။
ကချင်ပြည်နယ်ကိုတော့ ၁၈၉ ၅ ခုနှစ် ကချင်တောင်တန်း လူမျိုးစုများဥပဒေ ( The Kachin Hill Tribes Regulation )နဲ့ အုပ် ချုပ်ပြီး အဲဒီဥပဒေက ကချင်တောင်တန်း ဒေသမှာရှိတဲ့ ကချင်လူမျိုးမဟုတ်သူတွေနဲ့ အကျုံးမ၀င်ဘူး။ ကချင် လူမျိုးမဟုတ်သူတွေ နဲ့ ဥရောပတိုက်သားတွေကို ဗြိတိသျှအရေးပိုင်ကပဲ တရားစီရင်လို့ ရတယ်။ ကချင် တောင်တန်းလူမျိုးစုဥပဒေကတော့ လွတ်လပ်ရေးရတဲ့အထိ ပြင်တာမရှိဘူး။
ချင်းတောင်တန်းဒေသကိုတော့ ၁၈၉ ၆ ချင်းတောင်တန်းစည်းမျဉ်းဥပဒေ ( Chin Hill Manual) နဲ့အုပ်ချုပ်တယ်။ သူလည်း ကချင်တောင်တန်းဥပဒေနဲ့ မကွာဘူး။ ၁၉ ၂၂ ခုနှစ် မှာ ပြင်ပေမယ့် အခြေခံသဘောတရားမပြောင်း ဘူး။
ဗြိတိသျှတွေက တောင်တန်းဒေသတွေကို ဖွံ့ဖြိုးမှုနောက်ကျဒေသ ( Backward Tracts ) လို့သတ်မှတ်ပြီး ၁၉ ၂၂ ခုနှစ်ကျတော့ အဲဒီဒေသတွေကို အုပ်ချုပ်ဖို့အတွက် တောင်တန်းဒေသ အုပ်ချုပ်ရေးအဖွဲ့ ( Frontier Service) ကို သီးခြားဖွဲ့စည်းလိုက်ပါ တယ်။
အဲဒီလို ခွဲခြားအုပ်ချုပ်ခဲ့တဲ့အတွက် ၀န်ထမ်းအဖွဲ့အစည်းက သီးခြားဖြစ်ခဲ့သလို နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုမှာလည်း တောင်တန်းဒေသတွေက သီးခြားကျန်နေခဲ့ပါတယ်။
ပြည်မ မှာ လွတ်လပ်ရေးကြိုးပမ်းမှုနဲ့ အတူ ဗြိတိသျှအစိုးရက ၁၉ ၂၃ ခုနှစ် ဒိုင်အာခီအုပ်ချုပ် ရေး၊ ၁၉ ၃၅ ခုနှစ် မြန်မာနိုင်ငံစီရင်အုပ်ချုပ်မှုဥပဒေ ( Government of Burma Act 1935) အရ ၉ ၁ ဌာနအုပ်ချုပ်ရေးစတဲ့ အတိုင်းအတာတစ်ခုအထိ ဥပဒေပြုခွင့်၊ အုပ်ချုပ် စီမံခန့်ခွဲခွင့်တွေပေးနေချိန်မှာ တောင်တန်းဒေသတွေက ဗြိတိသျှတွေရဲ့ တိုက်ရိုက်အုပ် ချုပ်မှုအောက်မှာပဲ ကျန်နေခဲ့ပါတယ်။
ဗြိတိသျှအုပ်ချုပ်ရေးစနစ်အရ ပြည်မနဲ့တောင်တန်းဒေသခွဲခြားအုပ်ချုပ်ပုံကို ဖော်ပြထား တဲ့ပုံမှာတွေ့နိုင်ပါတယ်။ အဲဒီမှာ ကချင်တောင်တန်း ဒေသလို့သတ်မှတ်ထားတဲ့ နယ်မြေ ဟာ လက်ရှိ ကချင်ပြည်နယ်နဲ့ ကွာခြားနေတာကို သတိပြုစေချင်ပါတယ်။ အဲဒီအချက် ဟာ ပင်လုံညီလာခံမှာ အရေးကြီးတဲ့ကိစ္စဖြစ်လာပါတယ်။
#ပင်လုံဆိုသည်မှာ
ဆက်ရန်
Credit ; Ye Htut
No comments:
Post a Comment