မင်္ဂလာပါ

ဝင်​​ရောက်​ကြည့်​ရှု့သူအ​ပေါင်း ကို​ယ်​စိတ်​နှစ်​ပါး ​အေးချမ်းကြပါ​စေ.....

Saturday, September 10, 2016

ပင်လုံဆိုသည်မှာ (၄)

ပင်လုံဆိုသည်မှာ (၄)

တောင်တန်းဒေသတွေရဲ့ ကိုယ်ပိုင် အုပ်ချုပ်ရေး
ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်တဲ့ ၀န်ကြီးအဖွဲ့မှာ တောင်တန်းဒေသ အတိုင်ပင်ခံ ပုဂ္ဂ္ဂိုလ်ခန့်ထားဖို့ကိစ္စကို ဗြိတိသျှတွေက လက်မခံချင်ဘူး။

လန်ဒန်ဆွေးနွေးပွဲမှာ ဗြိတိသျှ ၀န်ကြီး ဆာစတက်ဖို့ခရစ်က ပြန်ဆွေးနွေးတဲ့အခါ ဘုရင်ခံ၏ အမှုဆောင်(၀န်ကြီး) အဖွဲ့ မှာ တောင်တန်းဒေသကိုယ်စားလှယ်ကို ထည့်ပြီးဖွဲ့စည်းမယ်ဆိုရင် တောင်တန်းဒေသ အုပ်ချုပ်ရေးဟာ ၀န်ကြီးအဖွဲ့လက်အောက်ရောက်သွားတဲ့သဘောဖြစ်သွားမယ်၊ ဒါဟာ ဗြိတိသျှတွေ ချမှတ်ထားတဲ့ တောင်တန်းဒေသအုပ်ချုပ်ရေးမူနဲ့ ဆန့်ကျင်နေတဲ့အတွက် အကြံပေးကောင်စီဖွဲ့တာကိုပဲလက်ခံဖို့ဆိုပြီး ပြန်ဆွေးနွေးခဲ့တယ်။

အဲဒီသဘောထားဟာ ရှမ်းစော်ဘွားတွေဆီကို ရောက်သွားခဲ့ပုံရပါတယ်။ ရှမ်းစော်ဘွားတွေ ဘက်ကလည်း ရှမ်းစော်ဘွားတွေနဲ့ လူထု ကိုယ်စားလှယ်တွေပေါင်းပြီး ရှမ်းပြည်ကောင်စီ သစ်ဖွဲ့မယ်၊ အဲဒီကောင်စီကို အခု ဘုရင်ခံကိုင်ထားတဲ့ ရှမ်းပြည်နယ်နဲ့ပတ်သက်တဲ့ ဘဏ္ဍာရေး၊ရာထူးခန့်ထားရေး၊ဥပဒေပြုရေး၊အုပ်ချုပ်ရေးအာဏာတွေကိုလွှဲပေးပါဆိုပြီး ပင် လုံ ညီလာခံ မတိုင်မီတောင်းဆိုခဲ့တယ်။ အဲဒီတောင်းဆိုချက်ကိုလည်း တောင်တန်းဒေသ ညွှန်ကြားရေးဝန်က လက်မခံခဲ့ဘူး။

နောက်ဆုံးတော့ ပင်လုံမှာ ဗိုလ်ချုပ်နဲ့ဆွေးနွေးတဲ့အခါ ဗိုလ်ချုပ်က ရှမ်းစော်ဘွားတွေရဲ့ စိုးရိမ်မှုကိုနားလည်တယ်။ ဒါ့ကြောင့် လန်ဒန်ဆွေးနွေးပွဲမှာ သူရှင်းပြခဲ့တဲ့အတိုင်း   ၀န်ကြီး အဖွဲ့အတွင်း မှာ တောင်တန်းဒေသဆိုင်ရာ အတိုင်ပင်ခံ ပုဂ္ဂိုလ်ခန့်အပ်ခြင်းကြောင့် လက်ရှိ ရထားတဲ့ စော်ဘွားများရဲ့ လုပ်ပိုင်ခွင့်ကို မထိခိုက်စေဖို့အာမခံခဲ့တယ်။

အဲဒါ ကြောင့် ပင်လုံစာချုပ်မှာ အပိုဒ် (၁) ကနေ (၄) အထိ အတိုင်ပင်ခံပုဂ္ဂိုလ် ခန့်ထားခြင်း နဲ့ပတ်သက်တဲ့ သဘောတူညီချက်တွေကို ဖော်ပြခဲ့ပြီးတဲ့နောက်  အပိုဒ် (၅) မှာ

၅။ အထက်ပါ သဘောတူညီချက်အရ ဘုရင်ခံ၏ အမှုဆောင်ကောင်စီကို တိုးချဲ့မည် ဖြစ်သော်လည်း တောင်တန်းဒေသများ၏ နယ်တွင်းအုပ်ချုပ်ရေးတွင် ယခု ရရှိခံစား လျက်ရှိသော ကိုယ်ပိုင်အုပ်ချုပ်ရေးကို ဆုံးပါးရန်မည်သည့်ဒေသတွင်မဆို လုံးဝပြုမူ လိမ့် မည်မဟုတ်။ တောင်တန်းဒေသများအတွက် နယ်တွင်းအုပ်ချုပ်ရေးတွင် ကို်ယ်ပိုင် ပြဋ္ဌာန်း ခွင့် အပြည့်အ၀ရှိကြောင်း မူအားဖြင့်လက်ခံသည်။

ဒါ့ကြောင့် ပင်လုံစာချုပ်မှာ ပါတဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေး ဆိုတဲ့ စကားရပ်ဟာ လွတ်လပ်ရေး မရမီ ပြင်ဆင်နေဆဲကာလမှာ တောင်တန်းဒေသများရဲ့ နယ်တွင်းအုပ်ချုပ်ရေးအခြေအနေ ကို ညွှန်းဆိုဖော်ပြခဲ့တာဖြစ်ပါတယ်။

ကချင်ပြည်နယ်ဖွဲ့စည်းရေး

ဗြိတိသျှ အစိုးရက သတ်မှတ်ထားတဲ့ ကချင်တောင်တန်းဒေသဟာ ၁၉ ၄၇ ခုနှစ် အခြေခံ ဥပဒေအရ ဖွဲ့စည်းပေးခဲ့တဲ့ ကချင်ပြည်နယ်နဲ့နယ်နမိတ်၊အရွယ်အစားမတူပါဘူး။ ၁၈၉ ၅ ခုနှစ် ကချင်တောင်တန်းလူမျိုးစုများဥပဒေအရ  ဗြိတိ သျှ အစိုးရက သတ်မှတ်ထားတဲ့ ကချင် တောင်တန်းဒေသမှာ အောက်ပါနယ်မြေများပဲပါ ၀င်ပါတယ်-

၁။ ဗန်းမော်စီရင်စုအတွင်းရှိ ကချင်လူမျိုးများနေထိုင်ရာ တောင်တန်းဒေသများ။
၂။ မြစ်ကြီးနားစီရင်စုအတွင်းရှိ မြစ်ကြီးနားနယ်တွင်ပါဝင်သော ဆဒုံး၊ ဆမားနှင့် မြစ်ကြီးနား ကချင်တောင်တန်းဒေသများ၊မိုးကောင်းနယ်မှ မိုးကောင်းကချင်တောင်တန်းဒေသများ၊ ကာမိုင်းနှင့် ထော်ဂေါကချင်တောင်တန်းဒေသများ။
၃။ ကသာစီရင်စုအတွင်းရှိ ကချင်တောင်တန်းဒေသ။
၎။ ပူတာအိုစီရင်စု။
၅။ မိုးမိတ်ဆပ်ဒီဝီဇံနယ်အတွင်းရှိ ကချင်လူမျိုးများနေထိုင်သော ဒေသများ။
၆။ မြောက်ပိုင်းရှမ်းပြည်မြောက်သိန္ဒီနယ်အတွင်းကချင်လူမျိုးများနေထိုင် ရာ ဒေသများ။

မိုးကောင်း၊ မိုးညှင်း၊ ကသာ၊ရွှေကူစတဲ့ မြေပြန့်ဒေသများကို ကချင်တောင်တန်းဒေသတွေ ထဲမှာ မထည့်ထားတာက ဗမာဘုရင်များလက်ထက်ထဲက အဲဒီဒေသတွေကို တိုက်ရိုက် အုပ်ချုပ်ခဲ့တဲ့အတွက်ဖြစ်ပါတယ်။

ဗြိတိသျှ တွေ သတ်မှတ်ခဲ့တဲ့ ကချင်တောင်တန်းဒေသနဲ့ လက်ရှိ ကချင်ပြည်နယ် နယ်နမိတ်ကွာ ခြားမှုကို ဖော်ပြထားတဲ့ ပုံတွေမှာ တွေ့နိုင်ပါတယ်။

ဒါပေမယ့် ပင်လုံညီလာခံအတွက် ပြင်ဆင်နေချိန်မှာ ကချင်တိုင်းရင်းသားများဘက်က လည်း ပြည်မနဲ့လက်တွဲပြီး လွတ်လပ်ရေးယူမယ်ဆိုရင် ကချင်ပြည်နယ်ကို မြေပြန့် ဒေသ တွေပါ ထည့်သွင်းဖွဲ့စည်းဖို့အတွက် စတင်ဆောင်ရွက်လာပါတယ်။

၁၉ ၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ ကွတ်ခိုင်မြို့နယ်၊ နန့်ဖတ်ခါကျေးရွာမှာ ကချင် ကိုယ်စားလှယ်များတွေ့ဆုံပြီး  မြန်မာပြည်မနဲ့အတူ လွတ်လပ်ရေးယူဖို့၊ ကချင်ပြည်နယ် သီးခြားထူထောင်ရာမှာ လက်ရှိကချင်တောင်တန်းဒေသအပြင် မြစ်ကြီးနားခရိုင်နဲ့ ဗန်းမော် ခရိုင်နယ်မြေအားလုံး၊ကသာမြောက်ပိုင်းမြေပြန့် ဒေသများပါထည့်သွင်းရန် ပင်လုံ ညီလာခံ မှာတင်ပြဖို့ သဘောတူဆုံးဖြတ်ခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၆ ရက်နေ့ ရှမ်း-ကချင် ကိုယ် စားလှယ်များအစည်းအဝေးမှာတော့ ရှမ်းကိုယ်စားလှယ်များကလည်း ကချင်ပြည်နယ် ထူထောင်ရေးအဆိုကိုထောက်ခံကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။

ပင်လုံညီလာခံမှာ ကချင်ပြည်နယ်နယ်နမိတ်နဲ့ပတ်သက်ပြီး အကျပ်အတည်းဖြစ်လာ တယ်။ လူမျိုးအရပြောရရင် ဗန်းမော်နဲ့ မြစ်ကြီးနားခရိုင်အတွင်းမှာနေထိုင်သူအများစု က ဗမာ၊ ရှမ်းနဲ့ ရှမ်းတရုတ်တွေဖြစ်နေတယ်။ ပြီးတော့ ၁၉ ၃၅ ခုနှစ် မြန်မာနိုင်ငံစီရင်အုပ်ချုပ် မှုဥပဒေအရ အဲဒီဒေသတွေက အပိုင်း(၂)ဇယားဝင်ဒေသလို့ခေါ်တဲ့ ပြည်မဒေသတွေ ဖြစ်နေတယ်။

၁၉ ၃၅ ခုနှစ် ဥပဒေအရ အပိုင်း(၁)ဇယားဝင်တောင်တန်းဒေသတစ်ခုကို ဖွံ့ဖြိုး တိုးတက်လာရင်ပြည်မ ဒေသအဖြစ် သွတ်သွင်းလို့ရပေမယ့် ဖွံ့ဖြိုးပြီးဒေသ လို့ သတ်မှတ် ထားတဲ့ အပိုင်း(၂) ဇယားဝင်ဒေသတစ်ခုကို အဆင့်လျှော့ပြီး အပိုင်း(၁) ထဲကို ထည့်လို့ မရဘူး။

ဗိုလ်ချုပ်က ဥပဒေအရ ကန့်သတ်ချက်ကြောင့်အပြင် အဲဒီဒေသမှာ ရှိတဲ့ လူထု သဘောကိုမယူပဲနဲ့ ကချင်ပြည်နယ်ထဲ ထည့်ဖွဲ့မယ်လို့ချက်ခြင်း ကတိမပေးနိုင်ဘူး။ ဒါပေ မယ့် ကချင်ခေါင်းဆောင်ဒူဝါဇော်လွန်းက အတင်းတောင်းဆိုနေသလို ညောင်ရွှေစော်ဘွား ကြီးကလည်း သူတို့တောင်းဆိုထားတဲ့အချက်တွေနဲ့ပတ်သက်ပြီး အပေးအယူလုပ်ချင်တဲ့ သဘောထားမရှိတဲ့အတွက် ဗိုလ်ချုပ်က စိတ်ပျက်ပြီး ရန်ကုန်ပြန်ဖို့အတွက် လေယာဉ် စီစဉ်ခိုင်းခဲ့တယ်။

ဗိုလ်ချုပ်ပြန်မယ်ဆိုတဲ့သတင်းထွက်လာတော့မှာ ရှမ်း-ကချင်ခေါင်းဆောင် တွေကြားမှာ ပြန် ဆွေးနွေးသလို၊တောင်တန်းသားကိုယ်စားလှယ်များနဲ့ ဗြိတိသျှ တောင်တန်းဒေသ ညွှန် ကြားရေးဝန် ဂျွန်လေဒင်ကြားမှာလည်း ပြန်ဆွေးနွေးခဲ့ပြီး ဗိုလ်ချုပ်ထံကို အဆိုသစ် ပြန် လည် တင်ပြခဲ့ကြရတယ်။ အဲဒီအဖြစ်အပျက်အကြောင်းကို ဦး အုန်းဖေရဲ့ ပင်လုံစစ်တမ်း စာအုပ်နဲ့ ဗိုလ်ခင်မောင်ကလေးရဲ့ ပင်လုံခရီးသည် စာအုပ်များမှာ ဖတ်လို့ရပါတယ်။

နောက်ဆုံးတော့ ကချင်ပြည်နယ်မှာ ဘယ်ဒေသတွေပါရမလဲဆိုတာကို ဖော်ပြခြင်းမပြုဘဲ ကချင်ပြည်နယ်ထူထောင်ရေးကို မူအားဖြင့်သဘောတူကြောင်းပဲဖော်ပြဖို့၊ကချင်ပြည်နယ် မှာ ပါဝင်ရမယ့်ဒေသတွေသတ်မှတ်ရေးကို အခြေခံဥပဒေရေးဆွဲမယ့် တိုင်းပြည်ပြုလွှတ် တော်ကျမှ စဉ်းစားဖို့ သဘောတူခဲ့ကြတယ်။ ဒ့ါကြောင့် ပင်လုံစာချုပ်မှာ ကချင်ပြည်နယ် နဲ့ ပတ်သက်ပြီးနယ်နမိတ်မဖော်ပြပဲ သဘောတူခဲ့တာဖြစ်ပါတယ်။

ဆက်ပြောရရင် ပင်လုံစာချုပ်မှာ ခက်ခက်ခဲခဲ ညှိခဲ့ရတဲ့ ကချင်ပြည်နယ် နယ်နမိတ် ကိစ္စ ဟာ အခြေခံဥပဒေမူကြမ်းပြုစုချိန်မှာလည်း ခက်ခဲခဲ့တာပါပဲ။ ဗို်လ်ချုပ်ဘက်က အတတ်နိုင် ဆုံးလိုက်လျောခဲ့ပေမယ့် တစ်ခါတစ်လေမှာ မဖြစ်နိုင်တဲ့တောင်းဆိုချက်များကြောင့် စိတ် ပျက်ခဲ့ရပုံကိုဓာတ်ပုံနဲ့ဖော်ပြထားတဲ့ ဗိုလ်ချုပ်မကျဆုံးမီ ၁၉ ၄၇ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့ မှာ ရေးတဲ့စာမှာ တွေ့ နိုင်ပါတယ်။

ဗိုလ်ချုပ်တို့ကျဆုံးပြီးနောက်ပိုင်းမှာတော့ ဖဆပလ အများစုရထားတဲ့ တိုင်းပြည်ပြုလွှတ် တော်က မိုးကောင်း၊ မိုးညှင်း၊ ကသာ၊ ရွှေကူ၊ ဗန်းမော် မြေပြန့်ဒေသတွေကို အဲဒီဒေသ မှာ နေထိုင်တဲ့ လူထုရဲ့ ဆန္ဒသဘောထားကို မယူတော့ပဲ ကချင်ပြည်နယ်အတွင်းမှာ ထည့် သွင်းပေးခဲ့ပါတယ်။

အပြန်အလှန်အနေနဲ့တော့ ကချင်တိုင်းရင်းသားများဘက်က ကချင် ပြည်နယ်ကို အခြေခံဥပဒေမှာ ပါတဲ့ ခွဲထွက်ခွင့်ပုဒ်မနဲ့ မသက်ဆိုင်စေရဆိုတဲ့အချက်ကို ထည့်သွင်းဖို့နဲ့ လူမျိုးစုလွှတ်တော်အတွက် ကချင်ပြည်နယ်က ရရှိတဲ့  အမတ်နေရာ ၁၂ နေရာအနက် ခြောက်နေရာကို ကချင်လူမျိုးမဟုတ်သော အမတ်များဖြင့် ဖွဲ့စည်းဖို့ သဘောတူခဲ့ရပါတယ်။

#ပင်လုံဆိုသည်မှာ

ဆက်ရန်

No comments:

Post a Comment